ရန်ကုန်၊ ဇူလိုင် ၁၁
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့်တပ်မတော်အကြား ဇူလိုင်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားသဖြင့် ရွာသူရွာသား ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုင်းစံမိန်းက ပြောသည်။
ရှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခိုင်း-ဟမ်းငိုင်း ဒေသတွင် တပ်မတော်နှင့် RCSS/SSA တိုက်ပွဲဖြစ်ပွားသဖြင့် ရွာပေါင်း ငါးရွာမှ ရွာသားပေါင်း လေးရာကျော်တို့ သည် ကျးသီး-မိုင်းကိုင် ကားလမ်းပေါ်ရှိ ဟမ်းငိုင်းရွာရှိ ဘုန်းကြီးကျောင်းတွင် လာခိုလှုံနေရကြောင်း၊ အစားအသောက်နှင့် အဝတ်အထည် လိုအပ်ချက်ရှိနေပြီး စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ကျပ်တည်းနေကြောင်း လွှတ်တော်အမတ် မိုင်းစံမိန်းက ဆိုသည်။
"ကျနော်တို့ကို ရွာသားတွေက ပြောတာက RCSS နယ်မြေထဲကို တပ်မတော်ဘက်က ဝင်တော့ တိုက်ပွဲတွေဖြစ်ကုန်တယ်။ နေပြည်တော်မှာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနေချိန်မှာ ဒီလို တိုက်ပွဲဖြစ်တာ ဘာကြောင့်လဲဆိုတာ နိုင်ငံရေးသမားတွေ အားလုံး သိပါတယ်။ ဒေသခံတွေက စားဝတ်နေရေး လိုအပ်ချက် အတော်ကြီးတယ်" ဟု မိုင်းစံမိန်းက ဆိုသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ရွာများမှာ နားလေ၊ ဝမ်ထမ်/နမ့်အွတ်၊ စမ်ပေါင်၊ ကုန်ညောင်ဖာစား၊ နောင်တောင်း ရွာတို့ဖြစ်ပြီး စုစုပေါင်း ရွာသူရွာသား ၄၁၃ ဦးဖြစ်သည်။
လတ်တလော တိုက်ပွဲများ အရှိန်မြှင့်လာပါက အနီးအနား ကျေးရွာဝန်းကျင်မှ ရွာသူရွာသားများလည်း ထွက်ပြေးလာနိုင်သည့်အခြေအနေရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
No comments:
Post a Comment