ကညနက ဖောက်စွပ်ဆိုပြီးကားတွေ သိမ်းနေတဲ့ နောက်ဆုံးအခြေအနေ - ရန်ကုန် ခေတ်သစ် မီဒီယာ

ရန်ကုန် ခေတ်သစ် မီဒီယာ

Your reliable media.

W3Schools

Latest News

Home Top Ad

test banner

Post Top Ad

Responsive Ads Here

Friday, July 13, 2018

ကညနက ဖောက်စွပ်ဆိုပြီးကားတွေ သိမ်းနေတဲ့ နောက်ဆုံးအခြေအနေ





By ရန်ကုန်ခေတ်သစ်

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကားလိုင်စင်သက်တမ်းတိုးသည့် ကားများအနက်မှ  အကြီးစားပြုပြင်ထားသည့် ကားများ၊ ချက်စီနံပါတ် ကပ်ထားသည့် ဖောက်စွပ်ကားများကို သိမ်းဆည်းမှုများ ဇူလိုင်လမှ စတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကားစီးရေ ရာပေါင်းများစွာ အသိမ်းဆည်းခံနေရသည်။ ယင်းသို့သော် အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကို တွေ့ဆုံ မေးမြန်းထားပါသည်။


မေး။ ။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)မှာ ဖောက်စွပ် ကားတွေ သိမ်းဆည်းနေတယ်လို့ သိရပါတယ်။ အဲဒီတော့ ဖောက်စွပ်ဆိုတာ ဘာလဲ ရှင်းပြပေးပါလား။

ဖြေ။  ။ ကိုယ်တို့ နားလည်တဲ့ ဖောက်စွပ်ဆိုတာလည်း ကညန နားလည်တဲ့ ဖောက်စွပ်နဲ့ အတူတူပါပဲ။ အခုက ကားတစ်စီးက တိုက်သွားတယ်။ မီးလောင်သွားတယ်ဆိုလို့ရှိရင် ဒီကားရဲ့ တန်ကြေးနဲ့ တိုက်ကြေရမယ်ဆိုရင် တိုက်ကြေကနေ့ တန်ဖိုးက သိန်း ၈၀ ပဲရှိတယ်။ ကိုယ့်ကားက သိန်း ၂၀၀ လောက်တန်တယ်ဆိုလို့ရှိရင် နှမြောတော့ Without ကားကို ဝယ်မယ်။ Without ကားက ဝယ်ဆိုရင် သိန်း ဆယ်ဂဏန်းလောက်ပဲရှိတယ်။ အဲဒီက Without ကား ချက်စီနံပါတ်ကို ဖျက် ဖောက်ပြီးတော့ ဒီမူလကားရဲ့ ချက်စီနံပါတ်ကိုယူပြီး ကပ်လိုက်တယ်။ အမှန်ကWithout ကားက ချက်စီကို ဖောက်ပြီးတော့ မူလကားက ချက်စီနံပါတ်ကို စွပ်လိုက်တာပေါ့။ အဲဒါကို ဖောက်စွပ်ခေါ်တာပေါ့။ တချို့ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ ဖောက်စွပ်လုပ်တယ်။ ဒါပေမယ့် အင်ဂျင်တို့၊ ဝါယာရင်းတို့ ပြန်ပြီးသုံးတာရှိတယ်။ ဖောက်စွပ်တစ်ခုတည်းပေါ့။ ကျန်တာ အကုန်ပြန်သုံးတယ်။ ဖောက်စွပ်ဆိုတာက မြန်မာပြည်မှာတင်မဟုတ်ဘူး။ ဂျပန်မှာလည်း လုပ်တာပဲ။ ဒီဟာက သေသေချာချာ ပြန်ပြီးစဉ်းစားမယ်ဆိုရင် ဂျပန်နိုင်ငံကကားတွေကို မြန်မာနိုင်ငံတင်သွင်းလာတယ်။ တင်သွင်းလာတဲ့အချိန်မှာ ဆိပ်ကမ်း က ထုတ်ပြီးတော့ ထောက်ကြံ့မှာ မူသေနံပါတ်ယူရတယ်။ အဲဒီမူသေနံပါတ်ယူတဲ့အချိန် ကညနက သမန်ကာလ ျှံကာပဲ စစ်တာ။ လိုင်စင်ဝင်သလို ခွာပြီးတော့ စစ်တာမဟုတ်ဘူး။ သမန်ကာလ ျှံကာ ခဲလေးခြစ်ပြီး ပြီးပြီဆိုပြီး လွှတ်လိုက်တာ။ ဒါပေမယ့် သူရဲ့  လိုင်စင်သက်တမ်း ၂ နှစ် ကုန်တဲ့အချိန်မှာ ကနဦး လိုင်စင်သက်တမ်းတိုး စလုပ်တဲ့အချိန်မှာ အဲဒီမှာ ကားတစ်လုံးကို ခွာစစ်တယ်။ တချို့ကျတော့ ဖြတ်ပြီး လဲထားတာရှိတယ်။ ဖောက်ပြီးတော့ စွပ်ထားတာရှိတယ်။ ဝါယာထုပ်လဲထားတာရှိတယ်။ မတူတော့ဘူး။ သူတို့ ကနဦး မှတ်တမ်း တင်ထားတာနဲ့ ကွဲလွဲတယ်ဆိုပြီး ဖြစ်တာတွေလည်းများတယ်။ တကယ်တော့ ဂျပန်မှာကတည်းက ဖြတ်လဲ၊ ဖောက်စွပ်တွေ လုပ်ထားတာ။ ဒီမှာ လုပ်တာမဟုတ်ဘူး။ သူတို့က ကနဦး နံပါတ်ပေးတုန်းက သေချာမစစစ်ဘဲ။ ၂ နှစ်ကြာ လိုင်စင်သက်တမ်းတိုးမှ သေချာစစ်ပြီး ဖောက်စွပ်ဆိုပြီး ကားသိမ်းတာတွေလုပ်တာ။ နယ်စပ် မြဝတီက သွင်းတဲ့ကားတွေမှာ များသောအားဖြင့် အဲလိုတွေဖြစ်ကြတယ်။ ကနဦး မူသေနံပါတ်ယူ မှတ်ပုံတင်တာကိုလည်း လိုင်စင်သက်တမ်းတိုးလာတဲ့ ကားတွေကို စစ်သလို ကားမှန်၊ မမှန် စစ်သလိုေ သချာစစ်တယ်ဆိုရင် ဒီပြဿနာက အနည်းနဲ့ အများ လျှော့သွားမှာ။ ကျနော်က အဲလိုထင်တယ်။ ဒီဟာတွေကလည်း ကားတစ်စီးဆိုတာ အချိန်ကာလ ကြာမြင့်လို့ရှိရင် ပျက်စီး ယိုယွင်းတာပဲ။ တံခါး အစားလဲတယ်။ ပါးခြမ်းလဲတယ်။ နောက်ဖုံးလဲတယ်။ ဖင်သာ ဖြတ်လဲတာတွေရှိတယ်။ ဒီကားပစ္စည်းတွေက နိုင်ငံခြားကနေ တရားဝင် ကွန်တိန်နာနဲ့ တင်သွင်းပြီး တရားဝင် သွင်းလာတာ။ ကားပစ္စည်းအစိတ်အပိုင်းက ဒီမှာက လိုချင်တာက အကုန်ရတယ်။ ကားပစ္စည်းက လိုချင်တာ အကုန်ရနေတော့ တရားဝင်သွင်းတာရော၊ တရားမဝင်သွင်းတာရော လိုချင်တာ အကုန်ရနေတော့ ဘယ်သူမဆို မိမိကားကို မိမိကောင်းအောင်ပဲ လုပ်ချင်ကြတယ်။ ကောင်းသထက်အောင် ကောင်းအောင် လုပ်ချင်တာ။ လူတောင်မှ ကျောက်ကပ်မကောင်းရင် ကျောက်ကပ်လဲ။ အသည်းမကောင်းရင် အသည်းလဲတာပဲ။ အိမ်တစ်အိမ်လည်း ထိုနည်းလည်းကောင်းပဲ။ ကားမှာ ဖရိန်က အဓိကပဲ။ ဆွေးတယ်။ မြေ့တယ်။ ဖြတ်လဲကြတယ်။ ဒါတွေကိုတော့ မူလရုပ်မပျက်သမ ျှ ကာလပတ်လုံး ဒါတွေကိုတော့ ခွင့်ပြုပေးစေချင်တယ်.

မေး။   ။ ဆိုလိုတာက Without  ချက်စီနံပါတ်ကို ဖျက်ပြီး  မူလကားက ချက်စီနံပါတ်ကို စွပ်တာမဟုတ်ဘဲသာမန် ကားအစိတ်အပိုင်းလဲတာတွေကိုပါ ကညနက သိမ်းနေတယ်လို့ ပြောချင်တာလား။

ဖြေ။   ။ အဲဒါကတော့ လွန်လွန်းအားကြီးတယ်။ ကားတစ်စီးဆိုတာ ရှေ့က စကပ်လဲတယ်။ ကားတစ်စီးဆိုတာ အထိအခိုက် အနည်းအများတော့ရှိတာပဲ။ တိုက်တာ ခိုက်တာရှိတဲ့အချိန် ကိုယ်မကောင်းတာ ဖြတ်လဲတာပဲ။ ရှေ့က ရှော့ဘားအထိုင် တိုက်မိလို့ ဖြတ်လဲထားတာကို ဖောက်စွပ်ဆိုပြီး ကားသိမ်းတာက ကညနက မလုပ်သင့်ဘူး။ မူလ ချက်စီနံပါတ်ကို ဖောက်ပြီး လဲတာမဟုတ်ဘူး။ အဲဒါကတော့ ကညနက ဒါတွေကို စဉ်းစားပေးစေချင်တယ်။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒါက ဝါးလုံးရှည်နဲ့ သိမ်းကျူံးရမ်းသလိုမျိုး ပြည်သူလူထုက ခံရတာ။ တကယ်နစ်နာတာက ပြည်သူက နစ်တာပါ။ ကားဆိုတာ ရှေ့မှာ တိုက်မိရင် တန်းလဲတယ်။ တန်းတွေကလည်း ဈေးပေါတယ်။ ဘာမှလည်း ဈေးသိပ်မရှိဘူး။ ပစ္စည်းတွေဆိုတာ အကုန်လုံးဝယ်လို့ရနေတဲ့အပိုင်းပဲ။ အရေးကြီးတာက မူလရုပ် မပျက်ပြယ်သွားဖို့ပဲ အရေးကြီးတယ်။ ကားတွေက သူရဲ့ History ရှိပြီးသား။ အဲဒီလို History  ရှိပြီးသား မူလရုပ်မပျောက်သွားတဲ့အတွက် နိုင်ငံတော်က ဒါတွေကို ဘာပဲဖြစ်ဖြစ် ဒဏ်ကြေးနဲ့ဖြစ်ဖြစ် ပြန်ပြီးခွင့်ပြုပေးစေချင်တယ်။ RTA ဆိုတာလည်း သူတို့ ကညနက စတာပဲ။ နောက်ပိုင်းမှ လုပ်မယ်ဆိုရင် မူဝါဒချမှတ်ပါ။ လောလောဆယ်တော့ သိမ်းခံရတဲ့ကားတွေရော ပြည်သူတွေကိုယ်စား RTA ဒဏ်ကြေးနဲ့ဖြစ်ဖြစ် ရိုက်ပေးစေချင်ပါတယ်။  အဓိက အချက်က ဒီကားတွေက သုံးနေ စွဲနေမယ်ဆိုရင် သူရဲ့ ပျက်စီးတာက အနည်းနဲ့ အများက ရှိမှာပဲ။ ဒါကို ပြုပြင်တာတော့ ရှိတယ်။ ဒါလေးကို နိုင်ငံတော်က နားလည်စေချင်တယ်။ ဘာဖြစ်လဲလို့ဆိုတော့ သူရဲ့နာမည်နဲ့ မူလရုပ် မပျောက်သွားဖို့ အရေးကြီးတယ်။

မေး။     ။ အခုက ဖောက်စွပ်ဆိုတဲ့ ကျယ်ပြန့်တဲ့ မူနဲ့ သိမ်းနေတာပေါ့။ 

ဖြေ။        ။  အဲဒီပုံစံမျိုးဖြစ်နေတယ်။ တံခါးက ဘယ်မော်ဒယ်၊ ဒီဘက်တခြမ်းက ဘယ်မော်ဒယ်ပေါ့။ ဥပမာဆိုလို့ရှိရင် 2002 ၊ 2004 ဆိုလို့ရှိရင် ရုပ်က အတူတူပဲ။ တံခါးတွေမှာ၊ ဝိုက်ပါတွေမှာ တပ်ထားတဲ့ ကုတ်နံပါတ်တွေက မတူဘူး။ ကွဲလွဲတယ်ပေါ့။ မကောင်းရင် လဲလို့ရတာပဲ။ ဆိုလိုတဲ့သဘောက ဒီပစ္စည်းတွေက ပေါတော့ ကိုယ့်တံခါး တိုက်လို့ ပိန်သွားတယ်။ တံခါးတစ်ချပ် ဝယ်ပြီး လဲလိုက်တာပဲ။ အဲဒီတံခါးက မော်ဒယ်မြင့်ဖြစ်ချင်ဖြစ်မယ်။ အရေးကြီးတာက မူလရုပ်ပျောက်မသွားဖို့ပဲ အရေးကြီးတယ်။ မူလရုပ်မပျောက်ပဲဖောက်စွပ်ထားမှန်သမ ျှ အကုန်သိမ်းတယ်။ ပြည်သူတစ်ယောက်ပြောသလို ဖောက်စွပ်လည်းမဟုတ်ဘဲ ရှော့ဘားအထိုင် ဖြတ်လဲတာကို သိမ်းတာတော့ မဖြစ်သင့်ဘူး။ ကညနဆိုတာ ရှင်းရှင်းပြောမယ်ဆိုရင် လက်ရှိရှိတဲ့ ပြည်သူတင်မြှောက်တဲ့ တက်လာတဲ့အစိုးရဝန်ကြီးတွေက ဒါတွေသိပ်နားမလည်ကြဘူး။ ၂ နှစ်လောက်သက်တမ်းအတွင်းမှာ။ အဲဒီတော့ သူ့လက်အောက်မှာ ညွှွန်ချုပ်၊ အတွင်းဝန်တို့ အခါတော် ပေးတွေရှိတယ်။ အဲဒီတော့ သူတို့ရဲ့ အခါတော်ပေးတွေက တိုင်းပြည်ကို ပုံရိပ်ကျအောင် လုပ်တဲ့ အပိုင်းတွေလည်း အများကြီးပါမှာပါ။ ဒါတွေက သူတို့တွက်ကြည့်ရမယ်။ ဒါတွေက ဝန်ကြီးသိလား၊ မသိဘူးလားဆိုတာ ကျနော်တို့လည်း မသိဘူး။ ကျနော်ထင်တာတော့ ဝန်ကြီးသိလောက်မယ် မထင်ဘူး။ ဒါကြောင့်မို့ အမေစုနဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဆီကိုတင်တာ။ ပြည်သူ့ဘဝတွေကို မြှင့်တင်ပေးရမှာ။ ပြည်သူ့ဘဝတွေကို ဖျက်ဆီးတဲ့ပုံစံဖြစ်နေတဲ့အတွက် ပြည်သူ့ဘဝပျက်စီးရင် တိုင်းပြည်ပျက်စီးတာပဲ။

မေး။    ။ ဖောက်စွပ်တွေ သိမ်းတဲ့ ပြဿနာက ဘယ်လောက်အထိ သက်ရောက်မှုရှိနေလဲ။ ကားအရောင်းအဝယ်နဲ့ ပြည်သူတွေကြားထဲမှာ။ 

ဖြေ။   ။ အခုကတော့ ပြဿနာက ဘယ်လိုဖြစ်လဲဆိုတော့ တချို့ဆိုရင် Taxi လေးတွေ ထောင်ထားကြတယ်။ မိသားစု ၁ သောင်းရရ ၊ ၂ သောင်းရရ ဒီကားလေးပေါ်မှာ ရင်းနှီးပြီးတော့ သားသမီးတွေ ကျောင်းထားနိုင်တယ်။ အိမ်မှာ စားဝတ်နေရေး ပြေလည်တယ်။ အတင်းရုန်းကန်လှုပ်ရှားနေတဲ့ဘဝတွေလည်းပါတယ်။ အိမ်စီးကိုယ်ပိုင်ကားတွေကလည်း အိမ်မှုကိစ္စ၊ အိမ်မှာ သားသမီး ကျောင်းကြိုရေးကိစ္စ စသည်ဖြင့်ပေါ့။ ဒီဟာလေးတွေကို ခြေထောက်ရိုက်ချိုးသလို ဟိုဘက်က စီးပွားရှာနေတဲ့ မိသားစုတွေကို ကျောင်းသား တွေ ကျောင်းမထားနိုင်တဲ့ ဘဝတွေ စီးပွားရေးတွေ ပျက်ကုန်မယ့် ဘဝတွေဖြစ်ကုန်တယ်။ အဲဒီမှာ ဘာတွေဖြစ်လာလဲမဆိုတော့ လူတွေရဲ့ အလုပ်အကိုင်ရှားပါးမှု၊ အစစအရာရာကုန်ဈေးနှုန်းတက်မှုတွေနဲ့ ဒုစရိုက်တွေလည်း တော်တော်ပေါများလာမယ်။ ဒုစရိုက်ပေါများလာမယ့်အပြင်ကို ကားနဲ့ပတ်သက်လို့ ကြားနေရတာက အမှုအခင်းတွေပေါ့ တစ်နိုင်တစ်ပိုင်ကားအရောင်းအဝယ်လောက ပပျောက်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောင်းတဲ့သူကလည်း သွားစစ်တယ်။ ဝယ်တဲ့လူကလည်း သွားစစ်တယ်။ ရောင်းတဲ့လူကလည်း သူ့ကားသူမှန်လို့ သွားစစ်တာ။ ခိုးလာတာလည်းမဟုတ်ဘူး။ အဲဒီတော့ သွားစစ်တဲ့နေရာမှာ ဖောက်စွပ်ဆိုပြီး ကားတွေ သိမ်းလိုက်တယ်။ အဲဒီတော့ ဆင့်ကဲဆင့်ကဲဝယ်လာတဲ့သူတွေဆီမှာ ပြဿနာတွေဖြစ်တော့ ရဲစခန်းတွေမှာ အမှုတွေဖွင့်ကြ၊ တချို့ကျတော့ မပေးလို့ရှိရင် လူမိုက်တွေနဲ့ ခေါ်ပြီးရိုက်ကြပြုကြ။ အဲဒီတော့ တိုင်းပြည်ဆူပူမှု ပုံစံတွေလည်းဖြစ်လာနိုင်တယ်။

မေး။    ။ ဒါတွေ ဘာကြောင့် ဖြစ်လာတယ်ထင်လဲ။

ဖြေ။    ။ ဒါ အရင်တုန်းက ကျန်ခဲ့တဲ့ ဝန်ထမ်းဆိုး ဝန်ထမ်းညစ်တွေရဲ့ လက်ချက်ပဲလို့ ထင်တယ်။ အခု အစိုးရက လက်ထက်တော့ ဒါမျိုးလုပ်မှာမဟုတ်ဘူး။ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရလေ။ အခုကျနော်တို့ ပြည်သူတွေကလည်း မူးယစ်ဆေးဝါးလုပ်တာမဟုတ်ဘူး။ နိုင်ငံတော်ပုန်ကန်တာမဟုတ်ဘူး။ လက်နက်မှောင်ခိုလုပ်တာမဟုတ်ဘူး။ ကျနော်တို့က။ ပြည်သူရဲ့ ပစ္စည်းကို အမှုမဖွင့်ဘဲ ဘလိုင်းကြီးသိမ်းသွားတဲ့ ကိစ္စတွေ။ အမှုဖွင့်တယ်ဆိုရင်တောင် အာမခံတို့ ခံဝန်တို့နဲ့ ကားပြန်ထုတ်လို့ရတယ်။ သူလည်း လုပ်ကိုင် စားသောက်လို့ရတယ်။ နောက်မှမူဝါဒ တစ်ခုခု ချမှတ်ပြီး ပေးလိုက်ပေါ့။

မေး။     ။ ဖောက်စွပ် ကားပိုင်ရှင်တွေက ဘယ်လို အရေးယူခံရလဲ။

ဖြေ။     ။ အခုက အရေးလည်းမယူဘူးလေ။ ရဲစခန်းအပ်လိုက် ဆိုပြီး အပ်ခိုင်းတာ။ Without ဆိုပြီး အပ်ခိုင်းတာ။ ကားက Without မှမဟုတ်တာ။ ချက်စီနံပါတ်ပါတယ်။ စာအုပ်ပါတယ်လေ။ စာအုပ်ပါတယ်။ ချက်စီပါတယ်။ ချက်စီနဲ့ ကားအုံနာဘုတ်ဆိုတာ တရားဝင် နိုင်ငံတော်ကို အခွန်တွေ သွင်းထားပြီးသား။ မူလရုပ်လည်း ပျက်သွားတာမဟုတ်ဘူး။ မူလဟာပဲ။ နောက်ထပ် ကားတစ်စီး ပွားတာမဟုတ်ဘူး။ လိုင်စင်မဲ့လည်းမဟုတ်ဘူး။ ဒါတွေကို တိုင်းပြည်အနေအထားနဲ့ ခွင့်ပြုပေးစေချင်တယ်။ ပစ္စည်းအစိတ်အပိုင်း လဲတယ်ဆိုတာလည်း နိုင်ငံတော်ကို တရားဝင်တင်သွင်းပြီးမှဝင်လာတာတွေလေ။  နောက်ပြီး မှောင်ခိုလမ်းကြောင်းဆိုတာကလည်း မြဝတီဘက်ကနေ လာတာ။ သူတို့ က အဲဒါတွေလည်း မပိတ်နိုင်ဘူး။ အဲဒီတော့ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်ပဲလေ။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ထုတ်လာလို့ ဒီလို လိုင်စင်မဲ့ကားတွေ မြန်မာနိုင်ငံထဲရောက်နေတာ။ ဒီကားတွေပိတ်ခြင်းအားဖြင့် ဖောက်စွပ်တွေ နည်းသွားမယ်။ အခုဟာက လူထုကို နှိပ်စက်တဲ့ပုံစံဖြစ်နေတယ်။ ဖောက်စွပ်မဟုတ်ဘဲ ရှော့ဘားထိုင်ဖြတ်လဲတာဆိုတာကတော့ မဖြစ်စေချင်ဘူး။ ကညန ဝန်ထမ်းကတော့ အထက်က ညွှန်ကြားတဲ့အတိုင်းလုပ်ရတာ။ အထက် မညွန်ကြားဘဲလဲ လုပ်လို့မရဘူး။ အဲဒီတော့ ဝန်ထမ်းဆိုတာလည်းပြည်သူပဲ။ အဲဒီတော့ ပြည်သူ ပြည်သူအချင်းချင်းကို လှည့်တိုက်ပေးတဲ့ပုံစံဖြစ်နေတယ်။ ကျနော်တို့က အဲဒါမျိုး မဖြစ်စေချင်ဘူး။ ဝန်ကြီးတွေအနေနဲ့ရော နိုင်ငံတော်အတိုင်ပင်ခံရော နိုင်ငံတော်သမ္မတရော ဒါတွေကို ပြည်သူတွေ ဘဝကို ပြန်ပြီး ကယ်တင်ပေးပါ။ အချိန်ကာလသတ်မှတ်ပြီး ခွင့်ပြုပေးပါ။ RTA ကိစ္စကို အချိန်ကာလတစ်ခုအနေနဲ့ ပြန်ခွင့်ပြုပေးပါ။

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages