ရန်ကုန်၊ ဇူလိုင် ၁၃
ရန်ကုန်မြို့တော်စည်ပင်သာယာပိုင်ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေကို အကွက်ရိုက် ရောင်းစားသည့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို အဂတိလိုက်စားမှု ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။
ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် ရပ်ကွက်ပိုင်ပလပ်မြေများကို ပေ၂၅ ပေ× ၅၀ ပေ မြေကွက်များရိုက်ပြီး တရားမဝင်ရောင်းချကြောင်း၊ မြေကွက်ဖော်ရာတွင် ရပ်ကွက်နေပြည်သူများက ကန့်ကွက်ပြီး သက်ဆိုင်ရာသို့ တင်ပြမှုကြောင့် တားမြစ် ခံရကာ မြေကွက်ဝယ်ယူထားသူများထံမှ ရယူထားသည့်ငွေကြေးများကိုလည်း ပြန်မပေးဘဲ လိမ်လည် လှည့်ဖြားသဖြင့် တိုင်ကြားခံရကြောင်း၊ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ ရာ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် ရန်ကုန်မြို့တော်စည်ပိုင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ပလပ်မြေများကို ၎င်း၏သဘောဆန္ဒအလျောက် ဖော်ထုတ်ရောင်းချပြီး ငွေကျပ်သိန်း ၃၀၀ ခန့်ယူဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ကာ မြေကွက်များ အမြန်ရရှိ ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ အရေးယူပေးပါရန် ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးမောင်မောင်တင်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ် ထောက်ကြန့်ရဲစခန်းသို့ ဇူလိုင်လ ၁၂ ရက်နေ့ တိုင်တန်းခဲ့ပြီး ရဲစခန်းက အမှုဖွင့် အရေးယူပြီး တရားရုံးတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
No comments:
Post a Comment