ဒေါ်အောင်ဆန်းစုကြည်လောင်းရိပ်အောက်က ထူးမခြားနား သမ္မတသစ်ဦးဝင်းမြင့်ရဲ့ ၄ လတာခရီး - ရန်ကုန် ခေတ်သစ် မီဒီယာ

ရန်ကုန် ခေတ်သစ် မီဒီယာ

Your reliable media.

W3Schools

Latest News

Home Top Ad

test banner

Post Top Ad

Responsive Ads Here

Thursday, July 12, 2018

ဒေါ်အောင်ဆန်းစုကြည်လောင်းရိပ်အောက်က ထူးမခြားနား သမ္မတသစ်ဦးဝင်းမြင့်ရဲ့ ၄ လတာခရီး


ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် တွေ့ရသည့် သမ္မတဦးဝင်းမြင့်။ Photo Credit- နိုင်ငံတော်အတိုင်ပင်ခံရုံး


By သာလွန်ဇောင်းထက် (ရန်ကုန်ခေတ်သစ်)

နိုင်ငံတော်သမ္မတသစ်ဖြစ်လာတဲ့ ဦးဝင်းမြင့်ဟာ သမ္မတရာထူး ထမ်းဆောင်လာတာ ၄လ နီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။  သူရဲ့ ဦးဆောင်မှုတွေဟာ အရင် သမ္မတဟောင်း ဦးထင်ကျော်ထက် ပိုပြီး လုပ်ပိုင်ခွင့်ရလာတဲ့ပုံစံရှိပေမယ့်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်ထိန်းချုပ်မှုအောက်က လွတ်ကင်းပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့ အနေအထားတော့ မရှိသေးဘူးလို့နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

သူစတင်တာဝန်ယူချိန် နိုင်ငံကို ပထမဆုံးပြောကြားတဲ့မိန့်ခွန်းမှာ NLD ရဲ့ ရွေးကောက်ပွဲဝင် ကတိကဝတ်ဖြစ်တဲ့ (၁) တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏လူမှုဘဝစီးပွားတိုးတက်ရေး၊ (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို အလေးပေး ပြောဆိုခဲ့ပေမယ့်လည်း ဒီကတိကဝတ်တွေကို ရရှိဖို့  ဘယ်လို လုပ်ဆောင်သွားမယ်ဆိုတဲ့ လမ်းစဉ်ကိုတော့ ချမပြနိုင်ခဲ့ပါဘူး။

လက်ရှိ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခေတ်ကို ထင်ဟတ်တဲ့ အခြေအနေတွေကို သမ္မတသစ် ဦးဝင်းမြင့်ရဲ့ ပထမဆုံးမိန့်ခွန်းထဲမှာ ပြောဆိုသွားပေမယ့်လည်း လက်တွေ့အားဖြင့် မိန့်ခွန်းကိုအကောင်အထည်ဖော်ဖို့နဲ့ မိန့်ခွန်းအတိုင်း ဖြစ်လာဖို့ကတော့ အရိပ်အရောင်တောင် မတွေ့ရသေးပါဘူး။

"တာထွက်တော့ကောင်းတယ်လေ။ လာဘ်ပေးလာဘ်ယူကော်မရှင်ကို ခေါ်တွေ့တာတို့၊ တရားစီရင်ရေး စနစ်ကို ထိန်းကျောင်းဖို့အတွက် တရားသူကြီးချုပ်တွေကို ခေါ်တွေ့တာတို့၊ တာထွက်မှာတော့ တအားကောင်းတာပေါ့နော်။ ဒါပေမယ့် နောက်ဆက်တွဲ Follow Up Action မှာ အတော်လေး အားနည်းတာကို တွေ့ရတယ်။ အမှန်က ဒီလိုအချိန်မှာ သမ္မတညွှန်ကြားချက်က ၁၀ ခုလောက် ထွက်ပြီးဖြစ်နေရမယ်။ တရားစီရင်ရေး စနစ်ကို ထိန်းကျောင်းဖို့ ၊ အဘက်ဘက်မှာ အစိုးရ ၂ ရပ်ဖြစ်နေတဲ့ ပြဿနာတွေကို ရှင်းဖို့ရော၊ နောက်တစ်ခါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့  လုပ်ငန်းတွေ ပိုပြီးတော့ ထိရောက်အောင်မြင်ဖို့ရော သမ္မတက မလုပ်ဘူးဆိုရင်တောင် နယ်ပယ်စုံအတွက် အနည်းဆုံး ၁၀ ခုလောက်တော့ လုပ်သင့်ပြီ။ အဲဒီအပိုင်းမှာ အရမ်းအားနည်းတယ်"လို့ ဒေါက်တာဒေါ်ညိုညိုသင်းက ထောက်ပြ ပြောဆိုပါတယ်။

သမ္မတသစ်လက်ထက်မှာ ဘာတွေ တိုးတက်ခဲ့လဲ

၄လ နီးပါး ကြာမြင့်လာတဲ့ သမ္မတဦးဝင်းမြင့်လက်ထက်မှာ ထင်သာမြင်သာ ရှိတဲ့တိုးတက်မှုကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အရေးယူဆောင်ရွက်မှု၊ လယ်ယာမြေသိမ်းကိစ္စနဲ့ပတ်သက်လို့ ရှေ့လုပ်ငန်းစဉ် မူဝါဒ ၅ ချက် ချမှတ်နိုင်မှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်လို့ ရှေ့လုပ်နင်းစဉ် မူဝါဒ ၉  ချက် ချမှတ်နိုင်မှုတို့ပဲဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး

သမ္မတသစ်ဦးဝင်းမြင့်လက်ထက်မှာ လွှတ်တော်က အဂတိတိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် တွေပိုရလာတာပါ။ အရင်က တိုင်ကြားသူရှိမှ အရေးယူနိုင်တယ်ဆိုတဲ့ ကော်မရှင်ဟာ ကျော်စော သတင်းရှိရုံနဲ့ ဝင်ရောက် စစ်ဆေးနိုင်တဲ့ အခွင့်အာဏာကို ဥပဒေပြုပြင်ပြီး ရယူနိုင်လာပါတယ်။ ဒါဟာလည်း ကြီးမားတဲ့ အပြောင်းအလဲကြီးတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သိန်း ၁၅၀၀ ကျော် လာဘ်စားမှုနဲ့ ပတ်သက်တယ်ဆိုပြီး  FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်ကို အရေးယူခဲ့သလို စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းဦးကျော်ဝင်းကို စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာလည်း ကျော်စောမှု ရှိရုံမျှနဲ့ ဖမ်းဆီးအရေးယူနိုင်တဲ့ဥပဒေဖြစ်လာတာကြောင့်အစိုးရ ဝန်ထမ်းတွေအကြားမှာ လာဘ်ပေးလာ်ယူမှုကြောင့် အတိုင်ကြားခံမှာကို ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်လာတာကလည်း တိုးတက်မှု တစ်ခုအဖြစ် ဆိုရမှာပါပဲ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ သမ္မတဦးဝင်းမြင့်ရဲ့  ၄လတာနီးပါးကာလအတွင်း တရှိန်ထိုး အောင်မြင်လာတဲ့အောင်မြင်မှု တစ်ခုအဖြစ် မြင်တွေ့ရမှာပါ။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

သမ္မတသစ်ဦးဝင်းမြင့် အာဏာရလာချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက တင်ပို့လိုက်တဲ့ မူးယစ်ဆေးဝါးတွေ အမြောက်အမြား ဖမ်းမိခဲ့ပါတယ်။ မေလ ၂၂ ရက်နေ့မှာ မလေးရှားဆိပ်ကမ်းတစ်ခုမှာ အမေရိကန်ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိတဲ့ မက်သာဖက်တမင်းဆေးဝါး ၁ ဒမသ ၂ တန်ကို သိမ်းဆည်းမိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာ့ဆိပ်ကမ်းတွေက တရားဝင် မူးယစ်ဆေးဝါး ထွက်ရှိလာမှုကို မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်ဖြစ်တာမို့ မြန်မာအစိုးရအတွက် အရှက်ရစရာတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီမူးယစ်ဆေးဝါးကိစ္စကြောင့်ပဲ သမ္မတသစ်ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတရုံးမှာ မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေးဌာန ဖွင့်လှစ်ပြီး ရှေ့လုပ်ငန်းစဉ်အဖြစ် မူဝါဒ ၉  ချက်  ချမှတ်လိုက်ပါတယ်။ မူဝါဒသစ် ၉  ချက်မှာ ထင်သာမြင်သာရှိလာတာက အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မယ်၊ တိုင်းရင်းသားဒေသတွေမှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေးတိုင်ကြားသူ၊ လက်ရ ဖမ်းဆီးသူတွေကို အစိုးရက သင့်တင့်တဲ့ အချိုးအစားနဲ့ ခွဲဝေပေးမှာဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်လည်း ပေးမယ်၊ ဗဟိုအဖွဲ့က တိုက်ရိုက်ကွပ်ကဲကြပ်မတ်မှုအောက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒတွေဟာ ထင်သာမြင်သာရှိတဲ့ မူဝါဒတွေဖြစ်လာပါတယ်။

ဒါပေမယ့်လည်း တနိုင်ငံလုံးကြီးကြီးမားမား ကြုံတွေ့နေရတဲ့ မူးယစ်ေ်ဆးဝါးပြဿနာကို မူဝါဒသစ်တွေက တကယ်အသက်ဝင်ပြီး တကယ် အလုပ်လုပ်တားဆီးနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မြေယာသိမ်းအရေး

သမ္မတသစ် ဦးဝင်းမြင့် အလေးပေးဆောင်ရွက်မှုတွေထဲမှာ လယ်ယာမြေနဲ့ အခြေားမြေများ သိမ်းဆည်းခြင်းခံရမှုမှ ပြန်လည်စိစစ်ရေး ကိစ္စနဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်မူဝါဒတွေ ပါဝင်လာပါတယ်။ သမ္မတဦးဝင်းမြင့်က လယ်သမားတွေကို ကိုယ်ချင်းစားဖို့နဲ့ သိမ်းဆည်းခံမြေယာပြဿနာတွေနဲ့ ပတ်သက်ပြီး သိမ်းဆည်းခံရတဲ့ တောင်သူတွေကို ကိုယ်ချင်းစာဖို့ ဘယ်ခရိုနီမျက်နှာမှမကြည့်ဘဲ  ဘယ်သူ့မျက်နှာမှမကြည့်ဘဲ လုပ်ကိုင်ကြဖို့ကို  တောင်ကြီးမြို့မှာ ရှမ်းပြည်နယ်က မဏ္ဍိုင်ကြီးသုံးရပ်မှာပါဝင်နေတဲ့ တာဝန်ရှိသူတွေနဲ့ ဇူလိုင် ၉ ရက် တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။  သိမ်းဆည်းခံမြေတွေသာ တောင်သူလက်ဝယ်အမြန်ဆုံး ပြန်ပေးလိုက်မယ်ဆိုရင် တောင်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရလာမှာဖြစ်ကာ တိုင်းပြည် GDP တိုးတက်လာမှာဖြစ်တာကြောင့် မြေယာတွေ ပြည်သူ့ လက်ဝယ်ရရှိရေးကို အထူးဦးစားပေးရမှာဖြစ်တယ်လို့ သမ္မတက ပြောဆိုသွားပါတယ်။

လယ်ယာမြေ အရေးနဲ့ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ် ၅ ချက်ကိုလည်း ချမှတ်လိုက်တဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လယ်ယာမြေ ပြန်လည်စိစစ်ရေးကော်မတီရဲ့ စိစစ်တွေ့ရှိချက်တွေကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေက မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ ၊ နှောင့်နှေးမှုမရှိဘဲ သိမ်းဆည်းခံမြေ ကိုတွေကို မူလ ပိုင်ရှင်တွေဆီ အမြန်ဆုံးပေးဖို့နဲ့ မစွန့်လွှတ်တဲ့ သိမ်းဆည်းမြေတွေကို ထိထိရောက်ရောက် စိစစ်ပေးဖို့ ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရ၊ နေပြည်တော်ကောင်စီကနေ လိုအပ်တာထက် အချိန်မဆွဲဘဲ မြေသိမ်းကိစ္စတွေ အားသွန်ခွန်စိုက် ဖြေရှင်းဆောင်ရွက်ဖို့၊ သိမ်းဆည်းခံ မြေတွေအရေးဆောင်ရွက်ရာမှာ အဟန့်အတား အကျပ်အတည်းဖြစ်တေဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို အရေးယူဖို့၊ စွန့်လွှတ်မြေပေါ်မှာ ကျူးကျော် ဝင်ရောက်မှုတွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ အညီ အရေးယူဖို့ဆိုတာတွေ ပါဝင်ပါတယ်။

သမ္မတဦးဝင်းမြင့် ပေါ်ပေါ်တင်တင် ပါဝင်ပတ်သက်မှု မတွေ့ရတဲ့ တိုင်းပြည်အရေးကိစ္စများ

၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေမှာ သမ္မတဦးဝင်းမြင့်ကို တိုက်ရိုက်ပါဝင်ပတ်သက်မှု သိပ်မတွေ့ရလှပါဘူး ။ အလားတူပါပဲ တပ်မတော်နဲ့ ဆက်ဆံရေးကိစ္စတွေမှာလည်း သမ္မတဟာ သီးခြား တည်ရှိနေသလို ပုံစံမျိုး မြင်တွေ့ရတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုပါတယ်။  ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ သမ္မတက ဇွန်လ ၈ ရက်နေ့မှာ ထိပ်သီးအစည်းအဝေး ခေါ်ယူခဲ့ပေမယ့်လည်း အဓိကကျတဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ သမ္မတအမိန့်နဲ့ ထွက်လာတာမျိုးတော့ မရှိခဲ့ပါဘူး။

အဓိက အရေးကြီးဆုံး နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်နေတဲ့ ရခိုင်အရေး ပြဿနာကလည်း ပိုပြီးတော့ ကြီးထွားလာနေတာမို့ တိုးတက်မှု မရှိတဲ့အပြင် ဖိအားတွေတောင် ပိုတိုးလာနေပါတယ်။ ဒါဟာ တပ်မတော်နဲ့ အစိုးရအကြားမှာ သဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံတကာကို ရင်ဆိုင် ဖြေရှင်းနေရတဲ့ အခြေအနေမို့ အနာဂတ်မှာလည်း အခက်အခဲများစွာ ကြုံတွေ့ရဦးမှာ အသေအချာပါပဲ။

သမ္မတဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်အတွက် အရေးကြီးတဲ့ ရခိုင်အရေး၊ ငြိမ်းချမ်းရေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာပဲ နေမယ့် ပုံရှိပါတယ်။ တစ်နည်းအားဖြင့် သမ္မတတစ်ဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြံပြုတာမျိုးထက် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း သမ္မတအာဏာသုံးပြီး လိုက်လံ အကောင်အထည်ဖော်ပေးမယ့် ပုံစံလို့ ဆိုရမှာပါ။

ဘာမှ မပြောင်းလဲသေးတဲ့ တရားဥပဒေစိုးမိုးရေး

တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ သမ္မတဦးဝင်းမြင့်ဟာ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ တရားဥပဒေစိုးမိုးရေး အလေးပေးပြောဆိုသလို ပြည်ထောင်စုတရားသူကြီးချုပ်အပါအဝင် တရားရေးအဖွဲ့တွေကို ခေါ်ယူတွေ့ဆုံတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေ မမြင်တွေ့ရသေးပါဘူး။

တရားလွှတ်တော်ရှေ့ ဦးရောဘတ်ဆန်းအောင်က  "တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အပြောင်းအလဲဘာမှ မမြင်ရသေးဘူး။ ဘာမှလည်း မပြောင်းလဲသေးဘူး။ ဦးဝင်းမြင့်က တရားရေးကို ခပ်ကြမ်းကြမ်းလည်း မပြောဘူး။ သွယ်ဝိုက်ပြီးတော့ ပြောနေတာပေါ့။ ၄ လအတွင်းမှာ အများကြီးလုပ်လို့ရတယ်။ မလုပ်ကြဘူး။ ၁ နှစ်ပြည့်အောင် စောင့်ကြည့်ရင်တော့ ပိုကောင်းမယ်လို့ထင်တယ်။ တရားရေးမှာ ပြောစရာတွေအများကြီးပဲ။ မမ ျှတမှုတွေက အများကြီးပဲ" လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လုပ်ပိုင်ခွင့်ပိုပေးပါ့မလား

သမ္မတဦးထင်ကျော်လက်ထက်ကအတိုင်း မူဝါဒရေးရာတွေမှာ သမ္မတသစ်ဦးဝင်းမြင့်အနေနဲ့ ဘယ်လောက် ဦးဆောင် လုပ်ဆောင်နိုင်မလဲ ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းမြင့်ကိုဘယ်လောက်အထိ လုပ်ပိုင်ခွင့်ပေးမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေက စမြင်နေရပါပြီ ။ "သမ္မတအထက်မှာ ရှိနေမယ်" လို့  ပြောဆိုခဲ့တဲ့ စကားအတိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးဝင်းမြင့်ရဲ့ အထက်မှာ ရှိနေတာ မြင်ရမှာပါ။ မူဝါဒရေးရာတွေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဆုံးဖြတ်လုပ်ကိုင်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုပါတယ်။

" သမ္မတကြီး အရှိန်ဘာလို့ တန့်သွားတာလဲ။ နောက်ကနေ တစ်ယောက်ယောက်ကများ ခဏနေဦးဆိုပြီး ဆွဲနေလား။ အဲလိုမျိုးခံစားရတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတသစ်ကို လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင်ေ့ပးတာ သိပ်တော့ မမြင်ရဘူး။ တာထွက်မှာတော့ သူ့သဘောနဲ့ သူ လွတ်လပ်တဲ့ မိန့်ခွန်းတွေ ပြောလာတာ တွေ့ရပေမယ့် နောက်ပိုင်းမှာတော့ တစ်စုံတစ်ရာက သူ့ကို ဟန့်တားသလို ခံစားရတယ်။ ဒေါ်အောင်ဆန်းစုကြည်ထံကနေ တစ်ခုခု ပြောဆိုသံများရှိလားလို့ ခန့်မှန်းစရာတွေ ဖြစ်လာတယ်"လို့ ဒေါက်တာဒေါ်ညိုညိုသင်းက ဆိုပါတယ်။

NLD ကတိကဝတ် ၃ ခု သမ္မတဦးဝင်းမြင့်လည်း မစွမ်းနိုင်

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ တိုင်းပြည်ကို ပေးခဲ့တဲ့ ရွေးကောက်ပွဲဝင် ကတိကဝတ် ၃ ခုရှိခဲ့ပါတယ်။ အဲဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးပါပဲ။ NLD အစိုးရနဲ့ လွှတ်တော်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင် ကတိကဝတ် ၃ ခုကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပေမယ့်လည်း အရာမထင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ တိုင်းပြည်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းနေရတဲ့ အနေအထားတွေနဲ့အတူ NLD အစိုးရ အနေနဲ့ “အမျိုးသားရင်ကြားစေ့ရေး တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး”ဆိုတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူအတိုင်း ဆက်လက် ရပ်တည်နေတယ်လို့ မကြာခဏ ဆိုသလို ထုတ်ပြန်ပြောဆိုနေပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လမ်းပြမြေပုံတစ်ရပ်ရှိနေပြီး ပြည်သူကိုတော့ ချမပြဘူးလို့ ဂျပန် NHK သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုသွားပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူပေးထားတဲ့ ရွေးကောက်ပွဲဝင် ကတိကဝတ်တွေကို ဖြည့်ဆည်းဖို့ ရုန်းကန်နေရဆဲမို့ သမ္မတသစ်ဦးဝင်းမြင့်အနေနဲ့လည်း ဒီကတိကဝတ်တွေကို ထူးထူးခြားခြား စွမ်းဆောင်လုပ်ပြနိုင်မယ့် အခြေအနေ၊ လမ်းကြောင်း ဖော်နိုင်မယ့် အလားအလာမရှိသေးပါဘူး။

သတင်းမီဒီယာကဏ္ဍ အမှောင်ကျဆုံးအချိန်

သမ္မတသစ် ဦးဝင်းမြင့်က  "ပြည်သူတွေရဲ့ နားတွေ မျက်စိတွေ ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့၊ကျွန်တော်တို့ အလုပ်အကျွေးပြုရမည့် နိုင်ငံသူ /နိုင်ငံသားတွေရဲ့ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြဖို့ ၊ တဆက်တည်းမှာပင် တိုက်တွန်းပြောကြားလိုပါတယ်" လို့ သူရဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောဆိုသွားခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ သတင်းလွတ်လပ်ခွင့်နဲ့  သတင်းမီဒီယာကဏ္ဍာဟာ အမှောင်ဆုံး အချိန်ကိုရောက်ရှိနေပါတယ်။

ဇူလိုင်လ ၉  ရက်နေ့မှာ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းက ကန့်ကွက်နေတဲ့ကြားက ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေ စွဲချက်တင်လိုက်ပါတယ်။ ဒီလို စွဲချက်တင်လိုက်ခြင်းဟာ သမ္မတအနေနဲ့ သူပြောထားတဲ့အတိုင်း မီဒီယာတွေ လွတ်လပ်ခွင့်နဲ့ ရှင်သန်ခွင့်ရဖို့ သူ မလုပ်ဆောင်နိုင်ဘူးဆိုတာ ပြလိုက်တာပါပဲ။ အပြောနဲ့ အလုပ် ကွာခြားတဲ့ ဖြစ်စဉ် လို့ဆိုရမှာပါ။

နိဂုံးချုပ်

သမ္မတဦးဝင်းမြင့်ဟာနိုင်ငံရေးသမားတစ်ဦးဖြစ်တာကြောင့် ထူးထူးခြားခြားအပြောင်းအလဲ တွေကို ဦးဆောင်နိုင်မယ်လို့ မေ ျှာ်လင့်မှုတွေဟာ ၄ လတာ ဖြတ်ကျော်ပြီး လာချိန်မှာ အနည်းငယ် မှေးမှိန်လာပေမယ့်လည်း မျှော်လင့်ချက်တွေကတော့ မကုန်ဆုံးသေးပါဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ဆိုပါတယ်။

အနှစ်ချူပ်အားဖြင့်တော့ ၄ လတာ သမ္မတ ဦးဝင်းမြင့်ရဲ့  ဦးဆောင်မှုဟာ တိုးတက်မှု တချို့  ရှိပေမယ့်လည်း နိုင်ငံနဲ့ ပြည်သူအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေကိုတော့ တစ်ခုမ ျှ ဖော်ဆောင်နိုင်ခြင်းမရှိသေးတဲ့အတွက် ပြည်သူနဲ့ နိုင်ငံအတွက် ရဲရင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အင်တိုက်အားတိုက်ဆောင်ရွက်ဖို့ လိုနေတာ အသေအချာပါပဲ။

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages