ရန်ကုန်၊ ဇူလိုင် ၁၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းကြည်က ၂၀၂၀ မတိုင်မီ ၂၁ ရာစုပင်လုံညီလာခံ ၃ ကြိမ်ကျင်းပပြီး အရေးကြီးလှသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေကို အပြီးအပြတ်ချမှတ်နိုင်ရန် မျှော်မှန်းထားကြောင်း ပြောဆိုလိုက်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ဖွင့်ပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခြင်းဖြစ်သည်။
"ကျွန်မတို့အစိုးရအနေနဲ့ ပင်လုံညီလာခံအစည်းအဝေးနှစ်ကြိမ် ကျင်းပပြီးပါပြီ။ ညီလာခံ မကျင်းပနိုင်သေးတဲ့ကာလတွေမှာလည်း NCA လက်မှတ်ရေးထိုးပြီးအဖွဲ့များ အပြင် မထိုးရသေးတဲ့အဖွဲ့တွေနဲ့လည်း အလွတ်သဘောဆွေးနွေးပွဲတွေ ပုံမှန်လိုလိုပဲ ရှိနေခဲ့ ပါတယ်။ လက်ရှိ ၂၀၁၈ ခုနှစ် အတွင်းမှာ နောက်ထပ် ညီလာခံ(၁)ကြိမ်၊ လာမယ့် ၂၀၁၉ ခုနှစ် အတွင်းမှာ နောက်ထပ် ညီလာခံ (၂)ကြိမ်၊ ၂၀၂၀ ပြည့်နှစ် မတိုင်မီ နောက်ထပ် ညီလာခံ(၃)ကြိမ် ကျင်းပနိုင်ဖို့၊ ဒီညီလာခံ(၃)ကြိမ်မှာ အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်ပြီး အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်တွေ ခိုင်ခိုင်မာမာ တည်ဆောက်ပေး နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီမျှော်မှန်းချက်ဟာ မဖြစ်နိုင်တဲ့အတွက် စိတ်ကူး ယဉ်သက်သက် မျှော်မှန်းချက်မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စု အတွက် မျှော်မှန်းသင့်မျှော်မှန်းထိုက်တဲ့၊ ဖြစ်နိုင်တဲ့၊ ရနိုင်တဲ့ မှတ်တိုင်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ တက်ရောက်လာကြတဲ့ အစုအဖွဲ့အသီးသီးက ခေါင်းဆောင်များ အနေနဲ့ လက်တွေ့ကျပြီး ရေတိုအကောင်အထည်ဖော်နိုင်မယ့် ဒီမျှော်မှန်းချက်ကို ကျွန်မတို့ အစိုးရနဲ့အတူ သန္နိဌာန်ချ၊ စိတ်ပိုင်းဖြတ်ပြီး ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အလေး အနက်ထား မေတ္တာရပ်ခံ တိုက်တွန်းပြောကြားလိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၂၁ ရာစုပင်လုံညီလာခံတွင် မည်သူက ငြိမ်းချမ်းရေးလိုလားသည်၊ မလိုလားသည်ကို ပြည်သူများ မြင်တွေ့ရမည်ဖြစ်ကြောင်း၊ NLD အစိုးရအနေဖြင့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး အတွက် ဆက်လက် လုပ်ေ်ဆာင်သွားမည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
"ကျွန်မတို့အစိုးရရဲ့ ရေရှည်မျှော်မှန်းချက်က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နေကြရပြီလို့ ယုံကြည်ပါတယ်။ ကျွန်မတို့ မျိုးဆက်သစ်တွေအတွက် စစ်မက် ကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့၊ ကျွန်မတို့ ရှေ့ကခေါင်းဆောင်ကြီးတွေ အားလုံးရဲ့ မျှော်မှန်းချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်း ပေးနိုင်ဖို့၊ စစ်မက်ပဋိပက္ခတွေကြားမှာ နစ်မွန်းနေခဲ့ရတဲ့ မျှော်လင့်ချက်တွေကို လင်းလက်တောက်ပလာစေဖို့ ကျွန်မတို့ မလျှော့တဲ့စိတ်အင်အားနဲ့ ဆက်လက်ကြိုးပမ်း သွားမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မျှော်လင့်ခဲ့ရပြီး ဝေးကွာခဲ့ရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ဖို့ ကျွန်မတို့အားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အားထုတ်ကြိုးပမ်းသွားကြ စေလိုကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်။ ဘယ်သူတွေဟာ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားတယ်၊ ဘယ်သူတွေဟာ ပြည်ထောင်စုအကျိုးကို ကိုယ့်အကျိုး၊ ကိုယ့်အစုအဖွဲ့ အကျိုးထက် တန်ဖိုးထားတယ်ဆိုတာ၊ ဒီ(၂၁)ပင်လုံ ညီလာခံ အစည်းအဝေးတွေမှာ ပေါ်လွင်လာမှာပါ။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက သိလာကြမှာ" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။
ယနေ့ ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၏ ကူညီမှုဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ပါ ပါဝင်တက်ရောက်နေရာ တိုင်းရင်းသားအားလုံး စုံစုံညီညီတက်ရောက်သည့် ညီလာခံအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
No comments:
Post a Comment